ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်နေပြီး အမိန့်ပေးစေခိုင်းသူ နှင့်လုပ်ဆောင်သူများကို အရေးယူနိုင်ရေး ကြိုးပမ်းနေဟု IIMM ပြော
🟥 ကယန်းအမျိုးသားနေ့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကယန်းပြည်သစ်ပါတီက ကန့်ကွက်ရှုတ်ချ
ရန်ကုန်၊ ဧပြီ ၁၁
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လာကြောင်း ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးယန္တရား IIMMက သတင်းထုတ်ပြန်ပြောဆိုလိုက်သည်။
လွန်ခဲ့သော နှစ်နှစ်တွင်၊ မြန်မာစစ်တပ်သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ပဇီကြီးကျေးရွာကို လေကြောင်းမှတိုက် ခိုက်ခဲ့ရာ ကလေးများအပါအဝင် အနည်းဆုံး လူပေါင်း ၁၅၅ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းဖြစ်ရပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က အရပ်သားအစိုးရကိုဖြုတ်ချပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အသေအပျောက်အများဆုံး တိုက်ခိုက်မှုတစ်ရပ်ဖြစ်ကြောင်း၊ ဒရုန်းများအသုံးပြုခြင်းနှင့် အချို့ကစွပ်စွဲထားသလို ဓာတုလက်နက်အသုံးပြုခြင်းများအပါအဝင် ဝေဟင်မှဗုံးကြဲတိုက်ခိုက်မှုများသည် မြန်မာနိုင်ငံမှ ပဋိပက္ခ၏ ကြောက်မက်ဖွယ်အင်္ဂါရပ်တစ်ခုဖြစ်ပြီး၊ ပဇီကြီးတိုက်ခိုက်မှုနောက်ပိုင်း အကြိမ်ရေတိုးမြင့်လာကြောင်း IIMM က ဆိုသည်။
မတ်လအတွင်း ငလျင်လှုပ်ခတ်မှုအပြီး အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ရေးသမားများက ရှာဖွေနေစဥ်မှာပင် မြန်မာစစ်တပ်သည် မန္တလေး၊ စစ်ကိုင်းနှင့် အခြားဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်ခဲ့သောကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ကြကြောင်း သိရှိရသည်။
“ဒီနှစ်ပိုင်းမှာ မြန်မာစစ်တပ်က နိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်မှုတွေကို စနစ်တကျနဲ့ အရှိန်မြှင့်လုပ်ဆောင်လာတာကြောင့် သေဆုံးမှုတွေ၊ ပျက်စီးမှုတွေ၊ နေရပ်စွန့်ခွာမှုတွေ ပျံ့နှံ့ဖြစ်ပွားပြီး လူမှုအသိုင်းအဝိုင်းတွေကို အကြမ်း ဖက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ပြည်သူတွေက ဒီတိုက်ခိုက်မှုတွေရဲ့ဒဏ်ကို သွယ်ဝိုက်စွာခံစားရတာ မဟုတ်ဘဲ၊ များသော အားဖြင့် ပစ်မှတ်ထားပြီးတိုက်ခိုက်တာကို ခံနေရပါတယ်။ ကျောင်းတွေ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ဒုက္ခ သည် စခန်းတွေ၊ ဖျော်ဖြေပွဲတွေ၊ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေအပြင် ဂီတဖျော်ဖြေပွဲလိုမျိုး လူစုလူဝေးတွေမှာ ဗုံးကြဲခံခဲ့ရတယ်။" ” ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန် က ပြောသည်။
အရပ်သားများကို မရှောင်ရှားဘဲ ပစ်မှတ်ထားသောတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု နှင့်/သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအဖြစ် သတ်မှတ်ခံရနိုင်ကြောင်း၊ ယန္တရားသည် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ၏ သဘောသဘာဝကို သတ်မှတ်နိုင်ရန်နှင့် အဓိကတာဝန်ရှိသူများကို ဖော်ထုတ်နိုင်ရန် စုံစမ်းစစ် ဆေးမှုများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိနေကြောင်း IIMM က ဆိုသည်။
“ယန္တရားက ဒီရက်စက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုတွေအကြောင်း အထောက်အထားတွေကိုစုဆောင်းပြီး စိစစ်သုံးသပ်နေတယ်ဆိုတာ ဒီတိုက်ခိုက်မှုတွေကျူးလွန်ဖို့အတွက် အမိန့်ပေးစေခိုင်းသူတွေနဲ့ လုပ်ဆောင်နေသူတွေကို သိစေချင်ပါတယ်။ တစ်နေ့မှာ သူတို့ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် တရားရုံးမှာအမှုရင်ဆိုင်ရစေဖို့ ကျနော်တို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု နီကိုလတ်စ်ခွန်ဂျန်က ဆက်လက် ပြောကြားသည်။
ထို့ပြင် ၂၅ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ဖြစ်သော ယမန်နေ့ ညပိုင်း ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာကို စစ်တပ်က ဗုံးကျဲချခြင်းကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်ပြီး ထပ်မံကျူးလွန်ပါက ဖြစ်ပေါ်လာမည်ကိစ္စရပ်အလုံးစုံကို တာဝန်ခံမည်မဟုတ်ဟု ကယန်းပြည်သစ်ပါတီက ယနေ့ သတိပေးချက်ထုတ်ပြန်သည်။
ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့ည ၁၁ နာရီ ၄၅ မိနစ်အချိန် ၂၅ ကြိမ်မြောက် ငွေရတုကယန်းအမျိုးသားနေ့ကျင်းပရာ သိကျိတ် ကျေးရွာ လူနေအိမ်အတွင်း ပစ်မှတ်ထား၍ ပေါင် ၂၀၀ ဗုံးကျဲချခဲ့ခြင်းဖြစ်ကြောင်း၊ ငလျင်ဘေးဒဏ်ကို အကြောင်း ပြု၍ အကြမ်းဖက်စစ်ကောင်စီက အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသည့် အချိန်ကာလအတွင်း ကယန်းအမျိုးသားတို့၏ နေ့ထူးနေ့မြတ်အခမ်းအနားကျင်းပရာ သိကျိတ်ကျေးရွာကို ဗုံးကျဲတိုက်ခိုက်မှု သည် စစ်ရာဇဝတ်မှုကျူးလွန်သည့်အပြင် တိုင်းရင်းသားလူနည်းစုအခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်များကို ဗြောင်အတိအလင်းချိုးဖောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်တပ်၏ သိကျိတ်ကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခြင်းသည် ကယန်းပြည်သစ်ပါတီ ဗဟိုစည်းဧရိယာအတွင်းဖြစ်သည့်အားလျော်စွာ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲသည့် သဘောတူညီချက်များကို အတိအလင်းချိုးဖောက်ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီကိုယ်တိုင် ကြေညာချက်ထုတ်ပြန်ထားသည့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ချက်ကို ကိုယ်တိုင် ချိုးဖောက်ကျူးလွန်သည့်အတွက် ကယန်း ပြည်သစ်ပါတီက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားသည်။
တောင်သာ၊ သဲတောရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးလောင်ဗုံးများဖြင့် ကျဲချ တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၅ လုံး မီးလောင်ပြာကျ
ရန်ကုန်၊ ဧပြီ ၁၁
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သဲတောရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးလောင်ဗုံးများဖြင့် ကျဲချ တိုက်ခိုက်ရာ ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၅ လုံး မီးလောင်ပြာကျခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၇ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်ခန့်တွင် မိတ္ထီလာ လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၃ စီးသည် သဲတောကျေးရွာပေါ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးသီး ၉ လုံး အပါအဝင် မီးလောင်ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦး ပြင်းထန် ဒဏ်ရာရရှိကာ နေအိမ် ၅ လုံးလည်း မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။
"မိတ္ထီလာ လေတပ်က တက်လာတဲ့ စက်တပ်လေထီး ၃ စီး နဲ့ သဲတောကျေးရွာ ပေါ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးသီး ၉ လုံး ကျဲချတာ ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရတယ်။ နေအိမ် ၅ လုံး မီးလောင် ပြာကျတယ်။ မီးလောင်ဗုံးသီးတွေ ပါပါတယ်" ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ကောလင်းမြို့နယ်၊ ကချင်ကုန်းရွာအနီး တစ်ဝိုက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချ၊ ၁ လုံးပေါက်ကွဲပြီး ကျန် ၁ လုံးမပေါက်ကွဲဘဲ သိမ်းဆည်းရရှိ
ရန်ကုန်၊ ဧပြီ ၁၁
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ခြမ်း ကချင်ကုန်းရွာတစ်ဝိုက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်သွားကြောင်း Kawlin Info မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဧပြီလ ၁၁ ရက်နေ့ နံနက် ၃ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းနှင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လမ်းမကြီးဘေးကျရောက်ခဲ့သည့်အတွက် ပြည်သူများ ထိခိုက်မှု မရှိခဲ့ကြောင်း သိရှိရသည်။
“ ပစ်တဲ့အချိန်က အိပ်မောကျနေတဲ့ချိန်ဆိုတော့ ပြေးချိန် မရှိဘူး။ တိုက်ပွဲမရှိပါဘူး။ ပြည်သူတွေ ရှိရာ တမင်ပစ်ခတ်တာမျိုးပါ” ဟု Kawlin Info မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ယနေ့ နံနက်ပိုင်း ကောလင်းမြို့နယ်အရှေ့ခြမ်း၊ ရွှေဘို-မြစ်ကြီးနားလမ်းဘေးရှိ သဲချောင်းရွာသစ် ဒေသအခေါ်(ကချင်ကုန်း)ကို စစ်တပ်က လေကြောင်းတိုက် ခိုက်မှုပြုလုပ်ခဲ့ပြီး လေယာဉ်ဖြင့် ကျဲချသည့် ဗုံး ၂ လုံးအနက်မှ ၁ လုံးမှာ ရွာအနီးလယ်ကွင်းထဲသို့ကျရောက် ပေါက်ကွဲပြီး ကျန် ၁ လုံးမှာ မပေါက်ကွဲသဖြင့် ထိ ခိုက် ပျက်စီးမှုအနည်းသာငယ်ရှိခဲ့ကြောင်း၊ ယင်း မပေါက် ကွဲဘဲ ကျန်ရှိနေသည့် ဗုံးသီးအား သက်ဆိုင်ရာ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၁ တပ်ရင်းက လာရောက်တူးဖော် ရှင်းလင်းသွားကြောင်း သတင်းထုတ်ပြန်ထားသည်။
တောင်ငူနှင့် ရေတာရှည်တွင် စစ်တပ် စစ်ကြောင်းနှင့် အထိုင်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၁၀
ပဲခူးတိုင်း၊ တောင်ငူမြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ပဒဲကျေးရွာသို့ စစ်ကူလာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် ၃၅၀၄ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် တောင်ငူမြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ပဒဲကျေးရွာသို့ စစ်ကူလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကို ၃၅၀၄ တပ်ရင်းမှ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ပွဲ ဖြစ်ပွားချိန်သည် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ဧပြီလ ၇ ရက်နေ့ ည ၇ နာရီ ၃၂ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီနှင့် တော်လှန်ရေး တပ်ဖွဲ့များ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ပဒဲလှေဆိပ်မှ ဒိုးအင်း ဘက်သို့ သယ်ဆောင်သွားကြောင်း သိရသည်။
အလားတူ ဧပြီလ ၈ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်း အိုးမြေတူးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် သကြားဟင်အိုး ဘုန်းကြီးကျောင်းသို့ ရှေ့ကင်း ထွက်လာစဉ် စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ထိုတိုက်ခိုက်မှုသည် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး တော်လှန်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ဆွာမြို့ ၈၄/၁၉ အမြှောက်တပ်မှ ၁၂၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့ အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ် အေးသန်းထွန်းသည် G-3 ရိုင်ဖယ် ၁ လက်နှင့် ကျည်အချို့ ယူဆောင်လာပြီး အလင်းဝင်
ရန်ကုန်၊ ဧပြီ ၁၀
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ်အေးသန်းထွန်းသည် G3 ရိုင်ဖယ် ၁ လက်နှင့် ကျည်အချို့ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၂၅ တပ်ရင်းမှူး သံမဏိက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဧပြီလ ၇ ရက်နေ့တွင် အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ်အေးသန်းထွန်းသည် အလင်းဝင်ခိုလှုံလာခဲ့ခြင်းဖြစ်ပြီး တပ်ခွဲ ၄ တပ်ခွဲမှူးနှင့် ချိတ်ဆက်ပြီး နယ်မြေခံ တပ်ရင်း ၂၂ အကူအညီဖြင့် သွားရောက်ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
"အလင်းဝင်ရောက်လာသူရဲ့ ဇာတိ မိသားစုရှိရာဆီ ပို့ဆောင်ပေးထားပါတယ်။ အလင်းဝင် ရောက်လိုချင်သူတွေအတွက်ကိုလည်း ကျွန်တော်တို့ဘက်က နွေးထွေးစွာ အမြဲစောင့်ကြိုနေပါတယ်။ နောက်ပြီး သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုလည်း အပြည့်ဝ ပေးထားပါတယ်"ဟု မုံရွာခရိုင်အမှတ် ၂၅ တပ်ရင်းမှူး သံမဏိက ပြောဆိုသည်။
မုံရွာခရိုင်အမှတ် ၂၅ တပ်ရင်း အနေဖြင့် ပေါ်တာဆွဲခံရပြီး ပြန်ထွက်လာချင်သူများကိုလည်း အန္တရာယ်ကင်းကင်းနှင့် ကယ်ထုတ်ပေးခဲ့ခြင်းများလည်း ရှိခဲ့ကြောင်း၊ ယခု လပိုင်းတွင် မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်းထံ အလင်းဝင်ရောက်လာသူ ၆ ဦးထိရှိပြီဖြစ်ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဧပြီ ၁၀
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းသည် ဧပြီလ ၁၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒပြ ထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၁ နေရာကို ထမင်းနှစ်နပ်လှူဒါန်း
ရန်ကုန်၊ ဧပြီ ၁၀
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၁ နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းနှစ်နပ်ကို သွားရောက်လှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။
တောင်သာမြို့နယ်၊ ဘီးနွယ်ကုန်း ကျေးရွာအနီး ပြည်သူများထံမှ ခြိမ်းခြောက်ငွေကြေး တောင်းရမ်းနေသော လက်နက်ကိုင် ဓားပြအဖွဲ့ကို အရှင်ဖမ်းမိ
ရန်ကုန်၊ ဧပြီ ၁၀
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဘီးနွယ်ကုန်း ကျေးရွာအနီး ပြည်သူများထံမှ ခြိမ်းခြောက်ငွေကြေး တောင်းရမ်းနေသော လက်နက်ကိုင် ဓားပြအဖွဲ့ကို အရှင်ဖမ်းမိခဲ့ကြောင်း Taung Tha People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၁၅ ရက်နေ့တွင် တောင်သာမြို့နယ် အနောက်မြောက်ခြမ်း ဘီးနွယ်ကုန်းကျေးရွာအနီးရှိ ချောင်ကြသော လမ်းပိုင်းကို အခြေပြု၍ ခြိမ်းခြောက်ရိုက်နှက်ပြီး ဆိုင်ကယ်၊ ဖုန်းနှင့် ငွေကြေးများကို လုယက်ယူဆောင်နေသော လက်နက်ကိုင် ဓားပြအဖွဲ့ကို အရှင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသော လက်နက်ကိုင် ဓားပြအဖွဲ့ထံမှ ပစ္စတို သေနတ် ၁ လက်နှင့် ဓားတို့ သိမ်းဆည်းရရှိခဲ့ပြီး ဥပဒေနှင့် အညီ ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
"ဘီးနွယ်ကုန်းကျေးရွာအနီး က ချောင်ကြတဲ့ လမ်းပိုင်းကို အခြေပြုပြီး ခြိမ်းခြောက်ရိုက်နှက်တာတွေ လုပ်ဆောင်တာ ဆိုင်ကယ်၊ ဖုန်း နဲ့ ငွေကြေးတွေကို လုယက်တဲ့ လက်နက်ကိုင် ဓားပြ ၃ ဦးကို အရှင်ဖမ်းမိတာပေါ့။ ဥပဒေအတိုင်း ဆက်လက် အရေးယူမှုတွေ လုပ်ဆောင်သွားမယ်" ဟု Taung Tha People Defense Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
Khit Thit သတင်းဌာန၏ ဧပြီ ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၁၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေးမှာ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ အစပြုခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို တော်လှန်ရေးအောင်ပွဲ ရောက်တဲ့အထိ စည်းလုံးညီညွတ်သွားမယ်ဆိုတဲ့ အကြောင်းကို ကတိပြုတယ်လို့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က တရားဝင် ထုတ်ပြန် ကြေညာလိုက်ပါတယ်။
- ချင်းပြည်နယ်က ဖလမ်းမြို့နယ်တစ်ခုလုံးကို ချင်းညီနောင်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်ပြီးတဲ့နောက် လက်နက်ခဲယမ်းတွေ ရာထောင်ချီ သိမ်းဆည်းရရှိခဲ့တာကို ချင်းညီနောင်အဖွဲ့က ထုတ်ပြလိုက်ပြီး ၊နောက်ထပ် တီးတိန်မြို့ကို ဆက်လက်ချီတက်မှာဖြစ်တယ် လို့လည်း ပြောထားပါတယ်။
- တနင်္သာရီတိုင်းက ခမောက်ကြီးမြို့နယ်မှာ ဆက်ကြေးကောက်ပြီးပြန်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ ရဲ့ မာရမ်းတိုက်နယ် ရဲစခန်းမှူး ရဲအုပ် မင်းအောင်စိုး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်း တပ်တွေက ကြားဖြတ်တိုက်ခိုက်မှုအတွင်း စခန်းမှူး ရဲအုပ် မင်းအောင်စိုး အပါအဝင် ရဲ ၃ ဦးကတော့ နေရာမှာပဲ ပွဲချင်းပြီးကို သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေး ပါမယ်။
https://www.youtube.com/watch?v=cHhr3pg6KsE
စလင်းမြို့နယ်၊ တောင်ဘိုရွာသား ကိုကောင်းခန့်ငြိမ်းကို စစ်တပ်က PDF ဘောင်းဘီဝတ်ဆင်ခိုင်းပြီး သတ်ဖြတ်ကာ ရုပ်အလောင်းကို ရွာပြင်၌ စွန့်ပစ်ခဲ့
ရန်ကုန်၊ ဧပြီ ၁၀
မကွေးတိုင်း၊ စလင်းမြို့နယ်၊ တောင်ဘိုရွာသား ကိုကောင်းခန့်ငြိမ်းကို အကြမ်းဖက် စစ်တပ်က PDF ဘောင်းဘီဝတ်ဆင်ခိုင်းပြီး သတ်ဖြတ်ကာ ရုပ်အလောင်းကို ရွာပြင်၌ စွန့်ပစ်ခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၆ ရက်နေ့တွင် စလင်းမြို့နယ်၊ မြောက်ချောင်းဖြူအုပ်စု၊ တောင်ဘိုကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ထိုးဝင်ရောက်ပြီး ပြည်သူ ၁ ဦး ဖမ်းဆီးကာ ကျန်ရှိသော ပြည်သူများကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး သေနတ်ကျည် ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးသွားသော ပြည်သူ ၁ ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက် ၈ နာရီခန့်တွင် တောင်ဘိုရွာအရှေ့ဖျား ရှိ ချိုင့်တခုထဲတွင် PDF ဘောင်းဘီ ဝတ်ဆင်ခိုင်းပြီး ရက်စက်စွာ သတ်ဖြတ်ထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
"စစ်ခွေးတွေ ဖမ်းဆီး ခေါ်ဆောင်သွားတာ အသက် ၂၄ နှစ်အရွယ် ကိုကောင်းခန့်ငြိမ်းပါ။ PDF ဘောင်ဘီးဝတ်ခိုင်းပြီး ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ သိရတယ်။ နေအိမ်ကို စွန့်ခွာရှောင်တိမ်းသူ အရပ်သားရဲ့ ရွှေထည်နဲ့ ငွေကြေးတွေကို ယူငင်ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာပါ။ စစ်ခွေးတွေက PDF ဘောင်းဘီ ဝတ်ဆင်ခိုင်းပြီး သတင်းလိမ် ထုတ်ပြန်မယ်ထင်တယ်" ဟု စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ ယုတ်မာမှုများကြောင့် စစ်ကြောင်း ဝင်ရောက်လာမည့် သတင်းများကို အချိန်နှင့်တပြေးညီ ရရှိပါက ကြိုတင် ရှောင်တိမ်းကြရန် စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။
စစ်ကောင်စီက ရက် ၂၀ ကြာ အပစ်ရပ်မည်ဟု ကြေညာပြီးနောက် ၀ိုင်းမော်တွင် စစ်ရေးလှုပ်ရှားသဖြင့် တိုက်ပွဲဖြစ်ပွား၊ အင်းတော်မြို့ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ
ရန်ကုန်၊ ဧပြီ ၃
အကြမ်းဖက်စစ်ကောင်စီက ငလျင်ဘေးကယ်ဆယ်ရေအတွက် ရက် ၂၀ ကြာ အပစ်ရပ်မည်ဟု ယမန်နေ့ ညပိုင်း ကြေညာခဲ့သော်လည်း ယခုနံနက်ပိုင်း ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်တွင် လက်နက်ကြီးများ ပစ်ခတ်ပြီး စစ်ရေး လှုပ်ရှားသဖြင့် တိုက်ပွဲဖြစ်နေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရက် ၂၀ ကာလကို ယာယီအပစ် ရပ်ကာလအဖြစ် သတ်မှတ်ကြောင်း ၊ငလျင်ဒဏ်သင့် ပြည်သူလူထုအား စာနာထောက်ထားပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ ယင်းကဲ့သို့ အပစ်ခတ် ရပ်စဲခြင်း ဖြစ်ကြောင်း ယမန်နေ့ ညပိုင်း ကြေညာခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ယနေ့နံနက်ပိုင်း ၀ိုင်းမော်မြို့နယ်၊ ခလရ ၅၈ တပ်ရင်းက လက် နက်ကြီးများ မရပ်မနားပစ်ခတ်သည့်အပြင် စစ်ရေးလှုပ်ရှားမှုများပါ လုပ်ဆောင်လာ ကြောင်း၊ ထို့ကြောင် KIA တပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။
"အခု ဝိုင်းမော် မှာပွဲကြမ်းနေတယ်။ ခွေးတွေလှုပ်ရှားလာလို့" ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ယနေ့ နံနက် ၅ နာရီ ၅၇ မိနစ်အချိန်မှ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်အထိ မိတ္တီလာ ရှမ်းတဲလေတပ်မှ Y 12 လေယာဉ်ဖြင့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ သို့ ဗုံး ၃၁ လုံးကျဲချခဲ့ကြောင်း လေကြောင်းကင်းထောက်အဖွဲ့ ဖြစ်သော NAS-နပ်စ် လေကြောင်းရန်ကင်းထောက်အဖွဲ့က သတင်းထုတ်ပြန်ထား သည်။
အကြမ်းဖက် စစ်ကောင်စီ၏ ယာယီအပစ်ရပ်ကြေညာချက်အပေါ် တုံ့ပြန်သည့်အနေဖြင့် KIO က ရက် ၂၀ ကြာ အပစ်အခတ်ရပရပ်ဆိုင်းထားမည်ဟု ယမန် နေ့ညပိုင်း ထုတ်ပြန် ကြေညာခဲ့သော်လည်း စစ်တပ်အနေဖြင့် ၎င်း၏ ကြေ ညာချက်အတိုင်း လိုက်နာရန် သတိပေးထားသည်။
ဓာတ်ပုံ - KIA တပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရွှေတောင် နှင့် တောင်တွင်းကြီးမြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် လူငယ်များကို ဖမ်းဆီးဆင့်ခေါ်မှုများကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့က လုပ်ဆောင်
ရန်ကုန်၊ ဧပြီ ၃
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရွှေတောင်မြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၁၂ အ တွက် လူငယ်များကို ဖမ်းဆီးဆင့်ခေါ်မှုများကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့က လုပ်ဆောင်လျက်ရှိကြောင်း ဆင့် ခေါ်ဖမ်းဆီးခံရသော လူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၈ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး လှသိန်းက စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် စစ်မှုထမ်းရမည်ဟုဆိုကာ လူငယ်များကို ဆင့်ခေါ်လာကြောင်း၊ ထိုသို့ ဆင့်ခေါ်လာသည့်အတွက် လူငယ်များနှင့် အုပ်ထိန်းသူမိဘများမှာ ငိုယိုစိတ်ဆင်းရဲလျက်ရှိကြောင်း သိရှိရသည်။
"အုပ်ကြီးလှသိန်းက ၈ ရပ်ကွက်အတွင်းက လူငယ်တွေကို စစ်မှုထမ်းဖို့စာနဲ့ ဆင့်ခေါ်ပါတယ်။ မဲပေါက်ထားသူ ရော မဲမပေါက်သူတွေရော အကုန်ဆင့်ခေါ်နေတာ။ လူငယ်တွေရော မိဘတွေရော အကုန် စိတ်ဆင်းရဲနေရတယ်။ ဆင့်ခေါ်စာတွေကိုလည်း အုပ်ကြီးနဲ့ စခ တွေက လိုက်ပို့နေတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ ရှားတိုင်းကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး လှဟန်က စစ်တပ်ကိုခေါ်၍ ကျေးရွာအတွင်းမှ လူငယ် ၂ ဦးကို ယခုလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် ပေါ်တာ ဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ စစ်တပ်က ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး လူငယ်များကို ဖမ်းဆီးရာတွင် ထွက်ပြေးမှု များ ရှိသဖြင့် သေနတ်ခြောက်လှန့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ဖမ်းဆီးထားသော လူငယ် ၂ ဦးကို ခလရ ၁၄ အတွင်းသို့ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
"မတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီမှာ ကျေးရွာလူကြီးလှဟန်နဲ့ စစ်တပ်က ရှားတိုင်းကျေးရွာထဲကို ဝင်ပြီး လူငယ်တွေကို ဝင်ဖမ်းတယ်။ ရွာထဲဝင်လာပြီး ဆွဲတာမှာ လူငယ် ၂ ဦးပါသွားပါတယ်။ ထွက်ပြေးသူတွေရှိတော့ စစ်တပ်က သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်တယ်။ ဖြစ်စဉ်ကတော့ အုပ်ကြီးက စစ်တပ်ကို ပေးနေရတဲ့ စစ်မှုထမ်းကြေး အရင်လက သူက ၁၅ သိန်းစိုက်ထားရလို့ အခု စစ်မှုထမ်းကြေးကို ရပ်ရွာကနေ ၁၅ သိန်း ပိုထွက်အောင် ကောက်ပေးဖို့ ပြောရာကနေ အဆင်မပြေဖြစ်ပြီးတော့ စစ်တပ်ခေါ်ပြီးတော့ ပေါ်တာဆွဲခိုင်းတာ" ဟု ရှားတိုးကျေးရွာမှ လူငယ်တစ်ဦးက ရှင်းပြသည်။
ယခုအခါ ရှားတိုင်းကျေးရွာမှ လူငယ်များ အားလုံး အုပ်ချုပ်ရေးမှူး လှဟန်နှင့်စစ်တပ်ကို ကြောက်လန့်၍ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
ထို့အတူ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ အုန်းနှဲတန်းကျေးရွာတွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဇော်ဦးက
လူငယ် များကို စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် ဆင့်ခေါ်နေပြီး စစ်မှုမထမ်းလိုလျှင် လစဉ်ကြေးပုံမှန်ပေးရမည်ဟုဆိုကာ ခြိမ်းခြောက်တောင်းခံနေကြောင်း သိရှိရသည်။
"အရင်က စစ်မှုထမ်းကြေးက တစ်အိမ်ထောင်ကို ၆၀၀၀၀ နှုန်းကောက်ခံတာ။ အခုကတော့ တစ်အိမ်ထောင်ကို ၁ သိန်း နှုန်းဆိုပြီး ထပ်တိုးကောက်ခံနေတယ်။ ကျေးရွာကလည်း သူ အငြိုးထားမှာစိုးရိမ်တော့ ဘယ်သူကမှ မပြောရဲကြဘူး။ အုပ်ချုပ်ရေးမှူးက အရင်က ကြံ့ခိုင်ရေးပါတီမှာ အဖွဲ့ဝင်။ အခုတော့ ရွာလူကြီးတက်လုပ်နေတာ။ သူနဲ့မတည့်တဲ့ မိသားစုက လူငယ်တွေကိုလည်း စစ်တပ်ထဲကို အတင်းထည့်နေတာ" ဟု ဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် မေလမှ စတင်ပြီး စစ်မှုထမ်း အပတ်စဉ် ၁ ကို ဖွင့်လှစ်ခဲ့ရာ ယခု ၂၀၂၅ ခုနှစ် ဧပြီလအတွင်း စစ်မှုထမ်း အပတ်စဉ် ၁၂ အထိ ဆက်တိုက် လစဉ် ဖွင့်လှစ်လာခြင်းဖြစ်သည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်သော ပြည်သူများကို စစ်တပ်က ညအချိန် ဝင်ရောက် ဖမ်းဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
ငလျင်ဒဏ်သင့်၍ ပြည်သူထောင်ချီသေဆုံးနေသော်လည်း ရန်ကုန်တိုင်းစစ်ကောင်စီက ဦးစီးပြီး စုပေါင်းရှင်ပြုပွဲကို ပျော်ပွဲရွှင်ပွဲများဖြင့် ပြုလုပ်လှည့်လည်
ရန်ကုန်၊ ဧပြီ ၃
အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်တိုင်းစစ်ကောင်စီက ယမန်နေ့တွင် စုပေါင်းရှင်ပြုပွဲကိုပျော်ပွဲရွှင်ပွဲများဖြင့် ပြုလုပ်လှည့်လည်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့များထံမှ သိရှိရသည်။
ယမန်နေ့ ဧပြီလ ၂ ရက်နေ့ ရန်ကုန်တိုင်းစစ်ကောင်စီက ဦးစီးသော စုပေါင်းရှင်ပြုပွဲနှင့် လှည့်လည်ပွဲသို့ မြို့နယ်ထွေ/အုပ်များက တက်ရောက်ခဲ့ရပြီး ရွှေတိဂုံစေတီတော်တွင် လှည့်လည်ပွဲများကို လုံခြုံရေး တင်းကျပ်စွာဖြင့် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
"ငလျင်မဖြစ်ခင်ကတည်းက ရှင်ပြုပွဲက စီစဉ်ထားလို့ လုပ်တာ။ တိုင်းအစိုးရအဖွဲ့ရုံးနဲ့ ရင်ပြင်မှာ လူစုပြီး ရွှေတိဂုံ စေတီမှာ လှည့်လည်ခဲ့ပါတယ်။ မြို့နယ်ထွေ/အုပ်တွေကတော့ မဖြစ်မနေ တက်ခဲ့ရတယ်" ဟု ရှင်ပြုပွဲ တက်ရောက်ခဲ့ရသည့် မြို့နယ်ထွေ/အုပ်အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
သို့ရာတွင် ငလျင်ဒဏ်သင့်နေချိန် ရန်ကုန်တိုင်းစစ်ကောင်စီက ရှင်ပြုပွဲနှင့်ပတ်သက်၍ အဝေဖန်ခံရမည်စိုးရိမ်သောကြောင့် သတင်းထုတ်ပြန်ခြင်းမပြုခဲ့ကြောင်း သိရှိရသည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်အား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ပြည်သူ ၃၀၀၀ ကျော်သေဆုံးခဲ့ပြီး နေအိမ်များစွာ ပြိုကျပျက်စီးခဲ့ရသည်။
အကြမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ယနေ့ နံနက်ပိုင်း လေယာဉ်မှူး ဒုဗိုလ်မှူးကြီး မင်းမင်းစိုး မောင်းနှင်သော စစ်တပ်အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာ
ရန်ကုန်၊ ဧပြီ ၃
အကြမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်း လေတပ်မှ လေယာဉ်မှူး ဒုဗိုလ်မှူးကြီး မင်းမင်းစိုး မောင်းနှင်သော စစ်တပ်အထူးလေယာဉ် ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာမည်ဖြစ်သည်။
မင်းအောင်လှိုင်က ယနေ့ ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်း စစ်တပ် အထူးလေယာဉ် ဖြင့် နေပြည်တော်မှ ဘန်ကောက်မြို့သို့ ထွက်ခွာမည်ဖြစ်ပြီး ဘန်ကောက်တွင် BIMSTEC အစည်းအဝေးကို လာရောက်မည်ဖြစ် ကြောင်း၊ ယင်းအစည်း အဝေးကို ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က သဘာပတိအဖြစ် တာဝန်ယူကျင်းပမည်ဖြစ်ပြီး မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့ခြင်းဖြစ်ကာ BIMSTEC အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါနှင့် ထိုင်းနိုင်ငံတို့ ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
မင်းအောင်လှိုင်လိုက်ပါမည့် စစ်တပ်အထူးလေယာဉ်ကို ဒုဗိုလ်မှူးကြီး မင်းမင်းစိုးက လေယာဉ်မှူးအဖြစ်လည်း ကောင်း၊ ဗိုလ်မှူး နေထွန်းဦးက အကူလေယာ ဉ်မှူး၊ ဗိုလ်ကြီး မင်းမင်းထိုက်က အကူလေယာဉ်မှူး၊ ဗိုလ်ကြီး အောင်ကျော်မြင့်က လေကြောင်းအင်ဂျင်နီယာအဖြစ်လည်းကောင်း၊ ဗိုလ်ကြီး ဒေါ်ချိုသက်ထားက လေကြောင်းလမ်းညွှန်အရာရှိအဖြစ်လည်းကောင်း လိုက်ပါကြမည်ဖြစ် ကြောင်း သိရှိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရက ထိုင်းနိုင်ငံတွင် ကျင်းပမည့် BIMSTEC ထိပ်သီးအစည်းအဝေးတွင် အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုရန် တရားဝင် ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့သည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ နိုင်ငံအတွင်း ငလျင်ဘေးကြုံ တွေ့နေရသော်လည်း ဘန်ကောက်တွင် ကျင်းပသည့် BIMSTEC ထိပ်သီးအစည်းအဝေးကို လက်လွှတ်မခံဘဲ သွားရောက်၍ တက်ရောက်ခြင်းဖြစ်သည်။
စစ်ကိုင်း ငလျင်ရှောင်စခန်းတွင် လူ ၅ ဦး ဝမ်းရောဂါ စဖြစ်၊ ဝမ်းရောဂါများ ပျံ့နှံ့မည်ကို ကျန်းမာရေးဝန်ထမ်းများ စိုးရိမ်
ရန်ကုန်၊ ဧပြီ ၃
ငလျင်ကြီး၏ ဗဟိုချက် စစ်ကိုင်းမြို့ အရှေ့ပိုင်း ရန်နိုင်ရပ်ကွက် ရန်နိုင်ငလျင်ဘေးရှောင်စခန်း (ရန်နိုင်ကျောင်းရှေ့ကကွင်း) တွင် လူ ၅ ဦး ဝမ်းပျက်ဝမ်းလျှောစတင်ဖြစ်ပွားနေပြီး ရာသီဥတု နှင့် စခန်း၏ အခြေအနေအရ ဝမ်းရောဂါပျံ့နှံ့မည်ကို ကျန်းမာရေးဝန်ထမ်းများ စိုးရိမ်နေကြကြောင်း စစ်ကိုင်းငလျင်ကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောကြားသည်။
“Outbreak ဖြစ်မှာ တော်တော်လေး စိုးရိမ်နေကြတယ်။ ဆေးဝါးတွေ အတော်လိုအပ်နေပါတယ်”ဟု ၎င်းက ဆိုသည်။
ရန်နိုင်ငလျင်ဘေးရှောင်စခန်းတွင် ညအိပ် အိမ်ထောင်စု ၉၈ စု လူဦးရေ ၅၀၀ ခန့် လက်ရှိတွင် ရှိနေပြီး ဝမ်းပျက်ဝမ်းလျှောစတင်ဖြစ်ပွားနေသဖြင့် ဓာတ်ဆားထုပ်များ၊ အားဆေးများနှင့် အသက်အရွယ်ကြီး သူများအတွက် ဆီးချိုဆေး၊ သွေးကျဆေး၊ အာရုံကြောအားတိုးဆေး၊ နှလုံးဆေးများ လိုအပ်နေပြီး အလှူရှင်များအနေနှင့် ဆေးဝါးများကို အဓိကထား လှူဒါန်းပေးကြပါရန် ကူညီရေး လုပ်ဆောင်နေသူများက ပြောကြားသည်။
“သက်ကြီးရွယ်အိုအတွက် ဆေးဝါးတွေအတော်လိုအပ်နေတယ်။ ဆေးတွေ လာလှူပေမယ့် ဆေးဝါးလိုအပ်ချက်မြင့်တက်နေတယ်”ဟု ကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
ဆေးလာလှူသူရှိသော်လည်း (ဆေးဆိုင်များမှ မဟုတ်) ဆေးဝါး မလုံလောက်ဘဲ ဆေးဆိုင်များ ဖွင့်သည်ကို လုံးဝမတွေ့ရဟု ၎င်းက ဆိုသည်။
စစ်ကိုင်း ရန်နိုင်ရပ်ကွက်တွင် အိမ်ထောင်စု ၁၇၀၀၊ လူဦးရေ ၉ ထောင်ခန့်ရှိပြီး လူမသေဆုံးဘဲ အဆောက်အအုံ ပြိုကျသူ ၂၁၇ ဦး၊ အဆောက်အအုံပြိုကျရာမှ သေဆုံးသူ ၃၂ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၃၀၀ ဦးရှိကြောင်း အချက်အလက်များအရ သိရသည်။
ဧပြီလ ၂ ရက်နေ့မှစတင်ကာ စစ်ကိုင်း စကုမော်တွင် UN Agencies များ၏ ကျန်းမာရေးအစီအစဉ်၊ Rapid Need Assessment များကို စတင်လုပ်ဆောင်နေပြီး စစ်ကိုင်းတွင် ငလျင်လှုပ်ခတ်ပြီး နောက်ပိုင်း ငလျင်ဘေးဒဏ်မှ လွတ်ကင်းသူများကို ငလျင်ဘေးရှောင်စခန်း ၈ ခုတွင် နေရာချထားပေးထားသည်။
စစ်ကိုင်းမြို့တွင် ဗလီ ၃ လုံးပြိုကျမှုတွင် မြို့မဗလီတွင် ၅၈ ဦး၊ မြို့တော်ဗလီတွင် ၃၇ ဦး၊ မိုးကျဗလီတွင် ၆၀ စုစုပေါင်း ၁၅၅ ဦး သေဆုံးခဲ့ပြီး ငလျင်ဘေးဒဏ်ခံရသည့် မူဆလင်များမှာ Camp များတွင် မနေဘဲ မင်းလမ်းနှင့် ပန်းပဲတန်းဘက်တွင်သာ နေထိုင်နေကြပြီး ချက်ပြုတ်လှူဒါန်းသည့်အစားအသောက် ရောက်ရှိမှုနည်းပါးနေသဖြင့် လာရောက်လှူဒါန်းပေးကြလျှင် ပိုမိုကောင်းမွန်ကြောင်း ငလျင်ဘေးဒဏ်ခံနေရသူများက ပြောကြားသည်။
အစားအသောက်အနေဖြင့် ငါး၊ ပုဇွန်၊ ကြက်ဥနှင့်ဆိုင်သော ဟင်းများပါဝင်သည့် အစားအသောက်များကို အဓိက လှူဒါန်းပေးနိုင်လျှင် ပိုကောင်းကြောင်းလည်း ကယ်ဆယ်ရေးလုပ်ဆောင်သူများက အကြံပေးသည်။
“လောလောဆယ် မီးလည်း မမွှေးရဲတော့ ချက်ပြီးသား ဝေစေချင်တယ်” ဟု ၎င်းတို့က ဆိုသည်။
၎င်းတို့ဆီတွင် လက်ရှိ၌ ခေါက်ဆွဲခြောက်နှင့် ဆန်အနည်းငယ်ရှိကြကြောင်းလည်း သိရသည်။
စစ်ကိုင်းမြို့အတွင်း စကစဘက်မှ လုံခြုံရေးယူထားမှုနှင့်ပတ်သက်ပြီးလည်း ကူညီနေသူတစ်ဦးက “စစ်ကိုင်းတံတားပေါ်က ဂိတ်တွေကို ဖယ်ပေးတယ်။ သေနတ်တကားကားလုပ်တာတွေကတော့ မပျောက်ဘူး။ လမ်းပြတဲ့ကောင်ကအစ သေနတ်တွေနဲ့။ ဝေခြမ်းရေးလုပ်တဲ့သူဖြစ်ဖြစ် ကယ်ဆယ်ရေးလုပ်တဲ့သူဖြစ်ဖြစ် စိတ်မဖြောင့်ဘူး။ ယူနီဖောင်းနဲ့ရပ်နေတဲ့သူတွေဆီမှာ သေနတ်တွေ ဓားတွေရှိနေတာ မဖြစ်သင့်ဘူး”ဟု ရန်ကုန်ခေတ်သစ်၏ မေးမြန်းမှုကို မှတ်ချက်ပေးသည်။
လက်ရှိတွင် စစ်ကိုင်းမြို့၌ Camp က ၈ ခု ရှိပြီး စကုမော်ဘုန်းကြီးကျောင်း Camp၊ Non-cdm များသင်တန်းလာတက်ရင်း ငလျင်ထိသူများကို ထားသော အထက ၂ Camp ၊ ရန်နိုင်ရပ် အမကကျောင်း Camp၊ စစ်ကိုင်း နှစ် ၇၀၀ ဘောလုံးကွင်း Camp (စစ်ရှောင်ငလျင်ထိစခန်း)၊ မဟာဆီးခုံကြီးဘုရား Camp၊ အထက ၁ ကျောင်း ဘောလုံးကွင်း Camp၊ ပိုးလမ်းဓမ္မာရုံ Camp၊ မြို့သစ်အိုးအိမ် Camp တို့ဖြစ်သည်။
အဆိုပါစခန်းများတွင် ဆေးဝါးများအပြင် ခြင်ထောင်၊ သွားတိုက်တံ၊ မိုးကာ၊ ဓာတ်ဆားနှင့် မီးများလည်း လိုအပ်နေကြောင်း ကယ်ဆယ်ရေးစခန်းများမှသိရသည်။
ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ တို့သေဖူးကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ (ရုပ်/သံ)
ရန်ကုန်၊ ဧပြီ ၁၁
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ တို့သေဖူးကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်း KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင် အတွင်း လူသော မြို့နယ် အပိုင် ကလောင်ထာ့ ကျေး ရွာအုပ်စု၊ တို့သေဖူး ကျေးရွာ ဘုန်းကြီး ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲဖျက်ဆီးခဲ့ကြောင်း၊ ဘုန်းကြီးကျောင်းပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။
" မနေ့မနက်က လေယာဉ်နဲ့ ဗုံးလာကျဲသွားတယ်။ ၊ဖာပွန်-နတ်ကြီးကားလမ်းပေါ်မှာရှိတဲ့ တို့သေဖူးရွာဘုန်းကြီး ကျောင်းကို ကျဲတာ။ ဖာပွန်ကနေ ကျနော်တို့ဆင်းလာရင် ဘီးလင်းဘက်ဆင်းရင် အဲဒီလမ်းကြောင်းပေါ်မှာ အဲဒီ ဘုန်းကြီးကျောင်းရှိတယ်။ လေယာဉ်ဝဲတဲ့အချိန်မှာ အားလုံးပြေးကြတော့ လူထိခိုက်မရှိဘူး" ဟု KNU တပ်မဟာ ၅ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တပ်က ဗုံးကျဲသွားသည့် တို့သေဖူးကျေးရွာအနီးတွင် စစ်တပ်က ခွင့်ပြုထားသော ရွှေတူးဖော်သည့်လုပ်ကွက် များ နှင့်စစ်တပ်၏ ရှေ့တန်းစစ်စခန်း ခလရ ၁၉ (ကျွန်းပင် စခန်းကုန်း) တည်ရှိနေကြောင်း၊ အဆိုပါစစ်ခန်းကို KNLA ဦးဆောင် သော မဟာမိတ်ပူး ပေါင်း တပ်များက ပိတ်ဆို့ဖြတ်တောက်ထားသဖြင့် နှစ်ဖက် စစ်ရေးတင်းမာနေကြောင်း သိရှိရသည်။
" အခုဗုံးကျဲခံရတဲ့နေရာက စစ်တပ်ကျွန်းပင်စခန်းရှိတဲ့ ရွာနားမှာပေါ့။ စစ်တပ်ကို ဆက်ကြေးပေးပြီး တူးနေတဲ့ရွှေတွင်းတွေ ရှိတယ် ။ အခုတော့အလုပ်အကုန်ရပ်ပြီး ပြေးကုန်ပြီ။ စစ်တပ်ကုန်းကို KNLA နဲ့ PDF တွေပိတ်ဆို့ထားတော့ လေယာဉ်နဲ့ ဗုံးလာကျဲတာ "ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
KNU တပ်မဟာ ၅နယ်မြေနှင့်ထိစပ်နေသည့် ဖာပွန်ခရိုင် မဲ့ဝိုင် ဒေသ မှ ဘီးလင်းမြို့ဘက်ထွက်သည့် KNU တပ်မ ဟာ ၁ နှင့် ၂နယ်မြေလမ်းပိုင်းနေရာတစ်လျှောက် အကြမ်းဖက်စစ်ကောင်စီတပ်၏ စခန်းနတ်ကြီးဗျူဟာကုန်းစခန်း ၊ ရွှေညောင်ပင်ကုန်း၊ ဘင်ဘန်းကုန်း အပါအဝင်စစ်စခန်းနှင့် စစ်တပ်ဂိတ်၁၀ခုခန့်ကျန်ရှိနေသေးကြောင်း KNU သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ပခုက္ကူမြို့ဂေါက်ကွင်းမှ ညပိုင်း ပြန်လာသည့် ကပစ ၂၄ မှ ဗိုလ်မှူးသော်ဇင်ဦးနှင့် စစ်တပ်ဒေါက်တိုင် အိမ် ဖြူတော် KTV ပိုင်ရှင်ဖြစ်သူ မြင့်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)
ရန်ကုန်၊ ဧပြီ ၁၁
မကွေးတိုင်း၊ ပခုက္ကူမြို့ဂေါက်ကွင်းမှ ပြန်လာသည့် ကပစ ၂၄ မှ ဗိုလ်မှူး သော်ဇင်ဦးနှင့် စစ်တပ် ထောက်တိုင် အိမ်ဖြူတော် KTV ပိုင်ရှင် မြင့်ဦးတို့ ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း ဒေသနေပြည် သူများနှင့် Earthquake People's Defense Force မှ တာဝန်ရှိသူတို့က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၁၀ ရက် ည ၉ နာရီခန့်က ပခုက္ကူမြို့ဂေါက်ကွင်းမှ ကားဖြင့် ပြန်လာသည့် ကပစ ၂၄ မှ ဗိုလ်မှူးသော်ဇင်ဦးနှင့် စစ်တပ်ထောက်တိုင် အိမ်ဖြူတော် KTV ပိုင်ရှင် မြင့်ဦးတို့ကို ပခုက္ကူမြို့ စက် မှုဇုန် ဘူတာနှင့် အိမ်ဖြူတော် KTV ကြားအရောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အနီးကပ် ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံး နေရာမှာပင် သေဆုံးသွားကြောင်း သိရသည်။
“ညကကြားတာက အိမ်ဖြူတော် KTV ကို ဝင်ပစ်တယ်လို့ကြားတာ၊ ပစ်ခတ်သံတွေက လက်နက်ကြီး ထုသံတွေရော၊ လက်နက်ငယ်ပစ်သံတွေရော ဆူညံနေတာ။ အိမ်ဖြူတော် ကေတီဗွီနဲ့ အခုဖြစ်တဲ့နေ ရာက စိုတွင်းရွာလေးပဲခြားတာ။ ဘယ်အဖွဲ့တွေက ဝင်ပစ်တာလဲတော့ မသိရသေးဘူး။ ဒီမနက် လမ်း တွေတော့ မပိတ်ဘူး၊” ဟု ပခုက္ကူမြို့နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Earthquake People's Defense Force၊ Thu Rein TR၊ Six Senses Guerrilla Force၊ Justice Revolution Force ၊ Hunter PKU၊ Black Cheater ၊ ပခုက္ကူခရိုင် တပ် ရင်း၂ (The Red Revolters တပ်ဖွဲ့) ၊ မြိုင်ပကဖ တပ်ရင်း ၃ တပ်ခွဲ ၄ နှင့် ရွှေညာမြေတပ်ဖွဲ (ပခုက္ကူ) တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် စစ်ရေးအရှိန်မြင့်လာသောကြောင့် စစ်ကောင်စီတပ် စခန်း၊ စစ်ကောင်စီ တပ်သား များနှင့်ဝေးရာတွင် သွားလာနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံ ထားသည်။
ပြီးခဲ့သည့် ၄ ရက်ခန့်ကလည်း ပခုက္ကူမြို့ပေါ်ရှိ စစ်တပ်ထောက်တိုင် မိုင်တဲလ်ရုံးကို လက်နက်ကြီး ဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း၊ ပစ်ခတ်ခံရပြီးနောက်တစ်နေ့တွင် လက်နက်ပျောက် သွားသည်ဟုဆိုကာ ပခုက္ကူတစ်မြို့လုံးကို ပိတ်ဆို့ရှာဖွေမှုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၁၀
မြန်မာနိုင်ငံတစ်ဝန်း ဧပြီလ ၁၀ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
နတ်မောက်မြို့ တောင်ဘက်အထွက်ရှိ စစ်တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး
ရန်ကုန်၊ ဧပြီ ၁၀
မကွေးတိုင်း၊ နတ်မောက်မြို့ တောင်ဘက်အထွက်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း People’s Defense Organization – Natmauk မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဧပြီလ ၁၀ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီ ၁၅ မိနစ်ခန့်တွင် နတ်မောက်မြို့ တောင်ဘက် အထွက်ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
“ရှေ့ထွက်ပြောင်းနဲ့ ပစ်ခတ်ချိန်မှာ စစ်ခွေး ၂ ကောင်ကတော့ လွင့်ပြီး နေရာတင်ပွဲခြင်းပြီး သေဆုံးတယ်။ စုစုပေါင်း သေဆုံးတာ ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့တော့ ကြားထားပါတယ်။ မြို့အဝင်ဂိတ်ဖြစ်တဲ့အတွက် စစ်ကူလာရင် ၁၀ မိနစ်အတွင်း ရောက်နိုင်တာမို့ အချိန်အများကြီး မရရှိခဲ့ပါဘူး။ ဒီပွဲဟာ အကြမ်းဖက် စကစ တွေက ကျနော်တို့ နေရာ ဒေသ အပါအဝင် မည်သည့် နေရာဒေသကိုမှ ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ နယ်မြေဒေသ အသီးသီးကို တစတစနဲ့ လက်လွှတ်ရတော့မှာ ဖြစ်တယ်ဆိုတာကို အသိပေး မိတ်ဆက်အနေနဲ့သာ ပွဲဖော်ဆောင် ခဲ့ခြင်း ဖြစ်ပါတယ်” ဟု People’s Defense Organization – Natmauk မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယင်း စစ်ဆေးရေးဂိတ်သည် စစ်တပ် အာဏာသိမ်းပြီးနောက် ဂိတ်ဖွင့်ကာ ခရီးသွားပြည်သူများထံမှ အတင်းအဓမ္မ ငွေကောက်ခံခြင်း ၊ ပေါ်တာဆွဲခြင်း များကို အမြဲလုပ် ဆောင်လေ့ရှိကြောင်း၊ အင်အား ဆယ်ဂဏန်းသာရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ မီတာ ၅၀ အကွာအဝေးအထိ ချဉ်းကပ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို နတ်မောက်မြို့နယ် ပကဖအဖွဲ့နှင့် မဟာမိတ် တပ်ပေါင်းစုများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ People’s Defense Organization – Natmauk -နတ်မောက် ပကဖ အနေဖြင့် ပြည်သူ လူထုနှင့် အတူ လက်တွဲညီညီချီတက်ကာ နတ်မောက်မြို့ကို သိမ်းပိုက်နိုင်ရေး ကြိုးစားသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဧပြီ ၁၀
ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်၊ ရေချောင်းဗိုလ်ရွာအနီးကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၁၀
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေချောင်းဗိုလ်ရွာအနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၁ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ ရေချောင်းဗိုလ်ကျေးရွာအနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အမျိုးသမီး ၁ ဦး သေဆုံးကာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
"မတ္တရာမြို့နယ်၊ ရေချောင်းဗိုလ်ကျေးရွာအနီးကို တံတားဦး လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီး နဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားတာပါ။ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရတယ်" ဟု ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
မြင်းခြံမြို့နယ်တွင် ၅ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၆ ဦး ထက်မနည်း သေဆုံးကာ စစ်စခန်း ၂ ခု ကို သိမ်းပိုက်ရရှိ
ရန်ကုန်၊ ဧပြီ ၁၀
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ၅ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ဦးထက်မနည်းသေဆုံးကာ စစ်စခန်း ၂ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၇ - Zero ပြောက်ကြားတပ်ဖွဲ့မှ ဗိုလ်ဗညားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
မတ်လ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ မြင်းခြံ- တောင်သာ လမ်းပိုင်း၊ နန်းမြင့်တောင်အနီး သို့ အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး PDF တပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက ၂၄ ရက်နေ့က စဖြစ်တာပါ။ ကျနော်တို့ ပြည်သူကာကွယ်ရေးတပ်ရဲ့ ဂိတ်ကို စစ်ခွေးတွေဝင်စီးတယ်။ သတင်းကြားလို့ ကျနော်တို့ တပ်စိပ် သွားတယ်။ အဲဒီမှာ အပြန်အလှန် ထိတွေ့မှု စဖြစ်တာပါ။ မနက်ခင်း ပွဲချိန် ၇ နာရီ ၂၀ လောက်ကစတယ်။ တိုက်ပွဲကြာချိန်က ၂ နာရီကျော်လောက် ကြာတယ်။ အဲတိုက်ပွဲမှာ အထိခိုက်က ဘယ်သူဘက်ကမှမရှိ ခဲ့ဘူး။” ဟု မြင်းခြံခရိုင်တပ်ရင်း ၇ - Zero ပြောက်ကြားတပ်ဖွဲ့ မှ ဗိုလ်ဗညားက ပြောဆိုသည်။
ထို့ပြင် ညနေပိုင်းတွင် ထပ်မံ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၆ ဦး မျက်မြင် သေဆုံးမှုရှိပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သေဆုံး ဒဏ်ရာရ စစ်သားများကို ဖောကား ၁ စီး၊ လိုက်ထရပ်ကား ၁ စီးဖြင့် သံမဏိလမ်းမှ မြင်းခြံဆေးရုံသို့ သယ်ဆောင်သွားကြောင်း၊ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းခြံမြို့မှတောင်ရှေ့အထိ ဖောကား ၁ စီးအပြည့်နှင့်အတူ ခြေလျင်စစ်ကြောင်းတစ်ကြောင်း ထပ်မံ ထိုးလာကြောင်း သိရသည်။
အလားတူ မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် နန်းမြင့်တောင်ပေါ်သို့ ထပ်မံ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ အပြန်လှန် ပစ်ခတ်တိုက်ပွဲ ၃ နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အထိနာကာ ညနေ ၆ နာရီခန့်တွင် ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကျဲသွားကြောင်း သိရှိရသည်။
“ကျနော်တို့ဘက်က ဒရုန်း ၄၀ မမ ၊ အီနာဂါ ဗုံးသီးနဲ့ချတာ။ စခတွေ အထိနာပြီး တောက်လျှောက် ရမ်းသမ်းပစ်တယ်။ ကျနော်တို့က နန်းမြင့်တောင်ပေါ်ကနေ နေရာယူပြီး တောင်အောက်က နေတက် လာတဲ့ စခတွေကို အပိုင် ပစ်ခတ်နိုင်ခဲ့တာ စစ်ခွေးတွေဘက်က အကျဆုံးများလို့ ညနေ ၆ နာရီ လောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးသီးလာကျဲချသွားတာ အထိခိုက်တော့ မရှိခဲ့ဘူး” ဟု မြင်းခြံခရိုင်တပ် ရင်း ၇ - Zero ပြောက်ကြားတပ်ဖွဲ့ မှ ဗိုလ်ဗညားက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆို သည်။
မတ်လ၂၆ ရက်နေ့ ၊ ၂၇ ရက်နေ့ နှင့် ၂၈ ရက်နေ့တို့တွင်လည်း Zero ပြောက်ကြားတပ်ဖွဲ့ အပါအဝင် တော်လှန်ရေးတပ်များက စစ်ကောင်စီ စခန်းများကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ၏ နတ်စင်ကုန်းစခန်း၊ ဘုရားကုန်း စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အထိနာသော စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးများ၊ ၆၀ မမများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ Zero ပြောက်ကျားတပ်ဖွဲ့မှတပ်ရေး အရာရှိ ကိုအောင်ခန့် ခြေ ထောက် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
“စစ်တပ်က မြင်းခြံ-တောင်သာ လမ်းပိုင်းကို စိုးမိုးဖို့ လုပ်ရာကနေ တိုက်ပွဲစဖြစ်ကြတာပါ။ နှစ်ဖက် ထိတွေတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျဆုံးများတယ်။ ဒေသခံ ပြည်သူတွေကတော့ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရတယ်။ စစ်တပ်ဘက်ကလည်း လေယာဉ်တွေနဲ့ လာပစ်ကူ ပေးတာတွေ လည်းရှိတယ်။ အခုထိ စစ်ရေး အခြေအနေက တင်းမာနေတုန်းပဲ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။
ချင်းညီနောင်တပ်ဖွဲ့၏ ဖလမ်းမြို့သိမ်း အောင်ပွဲအတွက် NUG နှင့် CNF တို့က ဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာ
ရန်ကုန်၊ ဧပြီ ၁၀
ချင်းညီနောင်တပ်ဖွဲ့၏ ဖလမ်းမြို့သိမ်းအောင်ပွဲအတွက် အမျိုးသားညီညွတ်ရေး-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် ချင်းအမျိုးသားတပ်ဦး(CNF) တို့က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ ကြေညာကြသည်။
ဧပြီလ ၇ ရက်နေ့ ဖလမ်းမြို့သိမ်းအောင်ပွဲ ရယူခဲ့သော ချင်းညီနောင်များနှင့်မဟာမိတ်အဖွဲ့အစည်းများအတွက် ချီး ကျူးဂုဏ်ပြုအပ်ကြောင်း၊ ချင်းညီနောင်များအနေဖြင့် ဆောင်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲ၍ တော်လှန်ရေးအောင်မြင်သည်အထိ ကြိုးပမ်းဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ မြို့သိမ်းအောင်ပွဲအ တွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဧပြီလ ၈ ရက်နေ့ နေ့စွဲဖြင့် NUG က သဝဏ်လွှာပေးပို့သည်။
ထို့ပြင် ချင်းအမျိုးသားတပ်ဦး (CNF) ကလည်း ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့တို့၏ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက် ကြောင်း ဧပြီ ၁၀ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။
ဖလမ်းမြို့သိမ်း စစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်ကြသော ချင်းညီနောင်အဖွဲ့ဝင်များနှင့် မဟာမိတ်တပ်ဖွဲ့များအား လုံး အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်အပ်ကြောင်း၊ မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ကျဆုံးပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ချင်းလဲန်းတည်ဆောက်ရေးနှင့် ချင်းလူမျိုးများ ကိုယ်ပိုင်ပြဌာန်းမှု အပြည့်အ၀ရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြရန် တော်လှန်ရေးအင်အားစုများအား လုံးကို တိုက်တွန်းကြောင်း CNFက ပြောဆိုထားသည်။
ချင်းညီနောင်နှင့် မဟာမိတ်အင်အားစုများက ၂၀၂၄ နိုဝင်ဘာ ၉ ရက်နေ့မှ စတင်ခဲ့၍ ဖလမ်းမြို့သိမ်း စစ်ဆင်ရေး ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ၅လအကြာတွင် ယခုဧပြီလတွင်မှ အပြီးသတ်အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
လူသောမြို့နယ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၄ လုံးပျက်စီး
ရန်ကုန်၊ ဧပြီ ၁၀
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဧပြီလ ၈ ရက်နေ့ ညနေ ၅ နာရီ ၂၄ မိနစ်ခန့်တွင် လူသောမြို့နယ်၊ လယ်မူပလော ကျေးရွာအုပ်စု၊ ဘလယ်ဝေါ် ကျေးရွာနှင့် ထီးသဲကရူကျေးရွာ အတွင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ဘလယ်ဝေါ် ကျေးရွာမှ အသက် ၃၉ နှစ်အရွယ် စောပါနာမူး နှင့် စောဒေးစိတို့ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ရပြီး နေအိမ် ၃ လုံး ထိခိုက် ပျက်စီးခဲ့ကာ ထီးသဲကရူကျေးရွာမှ နေအိမ် ၁ လုံးလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လူသောမြို့နယ်၊ လယ်မူပလောအုပ်စုမှ ကျေးရွာနေ ပြည်သူများသည် ကြောက်ရွံ့မှုဖြင့် နေထိုင်နေရကြောင်း KNU ဗဟိုကပြောဆိုထားသည်။
ငလျင်ဒဏ်သင့်ပြီး ကူညီသူ အရောက်အပေါက်နည်းပါးနေသော စစ်ကိုင်းတောင်ရိုးရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ချောင်များသို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရိက္ခများ လှူဒါန်း
ရန်ကုန်၊ ဧပြီ ၃
ငလျင်ဒဏ်သင့်ပြီး ကူညီသူ အရောက်အပေါက်နည်းပါးနေသော စစ်ကိုင်းတောင်ရိုးရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ချောင်များသို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရိက္ခများ လှူဒါန်းနေကြောင်း စစ်ကိုင်းမြို့နယ် ပကဖက ပြော သည်။
ငလျင်ဒဏ်သင့်ခဲ့သည့် စစ်ကိုင်းတောင်ရိုးရှိ ဘုန်းကြီး ကျောင်းများနှင့် သီလရှင်ချောင်များသို့ စစ်ကိုင်းမြို့နယ်ပကဖ က ရိက္ခာဖြန့် ဝေလှူဒါန်းခဲ့ကြောင်း ၊စစ်ကိုင်းမြို့နယ်ပကဖ ၊ပအဖ၊ပလဖ အဖွဲ့များစုပေါင်း ဖွဲ့စည်းထားသည့် ငလျင် ဘေးကူညီရေး ကော်မတီက စစ် ကောင်စီတပ် ထိန်းချုပ်ရာ စစ်ကိုင်းမြို့အတွင်းနှင့် စစ်ကိုင်း၊မင်းဝံတောင်ရိုးရှိ ငလျင် ဘေး ကြောင့် စား၀တ် နေရေး အခက်ခဲဖြစ်ပေါ်နေရသည့် ရဟန်းရှင်လူများကို တက်စွမ်းသမျှ ထောက်ပံ့မှုတွေ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်သင့် အိမ်ထောင်စု ၅၀၀ ကိုလည်း စစ်ကိုင်း မြို့နယ်ပကဖ က ရိက္ခာ ထောက်ပံ့လျက်ရှိကြောင်း၊ စစ်ကိုင်းမြို့နယ်ပကဖ (ဇုန်၂) နှင့် မြို့နယ်ပကဖ တပ်ခွဲ ၂ က ဦးဆောင်ကာ ငလျင် ဘေးဒဏ်သင့် အိမ်ထောင်စု များအတွက် ဆန် ၄၄ ပိုင်း၊ဆီ ၁၀ပုံး၊ ကြက်သွန် အချိန် ၁ထောင်နှင့် ခရမ်း ချဉ်သီးများကိုထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။
ထို့အတူ မတ်လ ၃၀ ရက်နေ့ ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃၅ဝ၃ တပ်ရင်း-ဒေါင်းဖြူစစ်ကြောင်းတို့ပူးပေါင်း၍ စစ်တောင်းမြစ်ဝှမ်းစိုးမိုးနယ်မြေများ ရှိ ငလျှင်ဒဏ်ကြောင့်ပျက်စီးခဲ့ရသည့်အိုးအိမ်များ၊လမ်းတံတားများပြန်လည်ပြင်ဆင်ရန်ကူညီဆောင်ရွက်ခဲ့ကြကြကြောင်း၊ ဖြူးပကဖက ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၁၅ သိန်းလှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မင်းကွန်းဒေသတွင် ငလျင်ကြောင့် ထိခိုက်သေဆုံးသူ ၄၀ နီးပါးရှိပြီး သံဃာတော်များ ဦးဆောင်၍ တော်လှန်ရေးတပ်များ၊ ပြည်သူများ ပူးပေါင်း ကယ်ဆယ်ရေးလုပ်
ရန်ကုန်၊ ဧပြီ ၃
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် ငလျင်ကြောင့် ထိခိုက်သေဆုံးသူ ၄၀ နီးပါးရှိပြီး သံဃာတော်တချို့က ဦးဆောင်၍ တော်လှန်ရေးတပ်များနှင့် ပြည်သူများက ရှင်းလင်းကူညီကယ်ဆယ်ရေးလုပ်ဆောင်နေရကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
မတ်လ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၅၂ မိနစ်တွင်လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းမြေငလျင်ကြောင့် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် ရှေးဟောင်းဘုရာစေတီပုထိုးများ၊ လူနေအိမ်များ၊ တိုက်အိမ် များပြိုကျခဲ့ပြီး သေဆုံးသူ ဦးရေ ၄၀ နီးပါးစာရင်းရရှိထားကြောင်း၊ မြေငလျင်ဘေးမှ လွတ်မြောက် လာသူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆေးရုံ ၊ ဆေးခန်းပို့ဆောင်ကာ ဆေးကုသပေး နေကြောင်း သိရသည်။
“သေဆုံးသူဦးရေ ၄၀ နီးပါး စာရင်းရထားပါတယ်၊ အဲဒီထက်ပိုများဖို့ပဲ ရှိတယ်၊ လက်ရှိအထိ ကယ် ထုတ်နေရတုန်ပါ၊ စစ်ကောင်စီစိုးမိုးထားတဲ့နယ်မြေတွေမှာတော့ မလုပ်နိုင်သေးဘူး။ ဘုန်းကြီး တချို့နဲ့ တာဝန်သိပြည်သူအချို့ကတော့ ဦးဆောင်ပြီးလုပ်နေပါတယ်။ သေဆုံးသူဦးရေစာရင်းကတော့ စကစဘက်ကအခြမ်းရော၊ ကိုယ့်ဘက်က အခြမ်းရော စုစုပေါင်းပါ။ သေဆုံးတဲ့အထဲမှာ ဘုန်းကြီး၊ သီလရှင်တွေလည်းပါလောက်ပေမယ့် စာရင်းအတိအကျတော့ မရသေးပါဘူး” ဟု ယူနီကွန်း ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မင်းကွန်းဒေသတွင် မြေငလျင်ကြောင့် ဘုန်းကြီးကျောင်း၊ သောက်သုံးရေတွင်းများလည်း ပျက်စီးခဲ့ သဖြင့် ပြည်သူများမှာ အရေးပေါ် စားစရာ၊ ဆေးဝါး၊ သောက်သုံးရေ၊ နေထိုင် မှီခိုစရာ တဲ၊ အိမ်များ လိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်း၊ ပြည်ပရှိ မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေး စေလိုကြောင်း မေတ္တာရပ်ခံထားသည်။
“အဓိကလိုအပ်နေတာတော့ သောက်ရေ၊ သုံးရေအတွက် ရေတွင်းတွေ ပြန်တူးပေးချင်တယ်။ ငလျင် ကြောင့်ဘုန်းကြီးကျောင်းတွေ ပြိုကျလို့ နေစရာကလည်း အဆင်မပြေကြဘူး။ မကြာမီမိုးတွင်း ရောက် တော့မှာဖြစ်လို့ တဲအိမ်လေးတွေဆောက်ပေးချင်တာပါပဲ”ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
Khit Thit သတင်းဌာန၏ ဧပြီ ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ငလျင်ကြီးရဲ့ ဗဟိုချက် စစ်ကိုင်းမြို့ ရဲ့ အရှေ့ပိုင်း ရန်နိုင်ရပ်ကွက် ရန်နိုင်ငလျင်ဘေးရှောင်စခန်းမှာ လူ ၅ ဦး ဝမ်းပျက်ဝမ်းလျှော စတင်ဖြစ်ပွားနေပြီး ရာသီဥတုနဲ့ စခန်းအခြေအနေအရ ဝမ်းရောဂါပျံ့နှံ့မှာကို ကျန်းမာရေးဝန်ထမ်းတွေ စိုးရိမ်နေကြတယ်လို့ စစ်ကိုင်းငလျင်ကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မြန်မာနိုင်ငံအလယ်ပိုင်းမှာ ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူတွေ လက်ရှိပူဆွေးနေရမှုတွေအတွက် အချင်းချင်း အားပေးနှစ်သိမ့်ဖို့ ဧပြီလ ၁၃ ရက်နေ့ကနေ ဧပြီလ ၂၀ ရက်နေ့အထိ နိုင်ငံလုံးဆိုင်ရာပြည်သူ့ ဝမ်းနည်းကြေကွဲမှုနဲ့ နှစ်သိမ့်အားပေးမှုရက်သတ္တပတ်အဖြစ် သတ်မှတ်လိုက်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
- အကြမ်းဖက်စစ်ကောင်စီက မတ်လ ၂၈ ရက်နေ့မှာ ငလျင်လှုပ်အပြီး နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု တွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးနောက် ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ရက် ၂၀ ကာလကို ယာယီအပစ်ရပ်ကာလအဖြစ် သတ်မှတ်တယ်လို့ ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/watch?v=e6Af8NgYEa4
စစ်ကောင်စီ၏ ယာယီ အပစ်ရပ်မှု ပေါ် တုံ့ပြန်သည့်အနေဖြင့် KIO က ရက် ၂၀ ကြာ အပစ်အခတ်ရပ်ဆိုင်းထားမည်ဟု ကြေညာ၊ စစ်တပ်အနေဖြင့် ကြေညာထားသည့်အတိုင်း လိုက်နာရန် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်သတိပေး
ရန်ကုန်၊ ဧပြီ ၃
အကြမ်းဖက် စစ်ကောင်စီ၏ ယာယီအပစ်ရပ်ကြေညာချက်အပေါ် တုံ့ပြန်သည့်အနေဖြင့် KIO က ရက် ၂၀ ကြာ အပစ်အခတ်ရပ်ဆိုင်းထားမည်ဟု ယမန်နေ့ညပိုင်း ထုတ်ပြန် ကြေညာသည်။
အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့ ထုတ်ပြန်သော ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကြေညာချက် သည် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ဘေးဒဏ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ထုတ်ပြန်ခြင်းဖြစ်သည်ဟု နားလည်ကြောင်း၊ ထို့ကြောင့် KIO အနေဖြင့်လည်း ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့ အထိ ခုခံကာကွယ်ခြင်းမှအပ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာသည်။
အကြမ်းဖက် စစ်ကောင်စီ၏အပစ်ရပ်ရေး ထုတ်ပြန်ချက် အပိုဒ် ၄ တွင် ယာယီအပစ်ရပ်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ၊ အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ၎င်းတို့၏တပ်စခန်းများကို တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ အင်အားစုဆောင်းခြင်း၊ ပြင် ဆင် စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကိုမပြုရန် နှင့် ပြုလုပ်ပါက တုန့်ပြန်သွားမည်ဟု ဖော်ပြထားရာ ယင်းထုတ်ပြန်ချက်ပါ အကြောင်းအရာများကို စစ်ကောင်စီကပါ လိုက်နာရန် လိုအပ်ကြောင်း KIO က သတိပေးထားသည်။
"No ၄ သည် တိုက်ပွဲဆင်နွှဲနေသူများအားလုံး (SACလည်း) လိုက်နာရန် လိုအပ်။ ပြန်လည်ထူထောင်ရေးကို ရေရှည်လုပ်ရမည်ဖြစ်" ဟု KIO မှ ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က တုံ့ပြန်မှတ်ချက်ပြုထားသည်။
Breaking News- ရန်ကုန်မြို့အနီး ဖျာပုံမြို့နှင့် ၈၆ ကီလိုမီတာအကွာ ပင်လယ်ပြင်ကို ဗဟိုပြု၍ ပြင်းအား ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်
ရန်ကုန်၊ ဧပြီ ၂
ရန်ကုန်မြို့အနီး ဖျာပုံမြို့နှင့် ၈၆ ကီလိုမီတာအကွာ ပင်လယ်ပြင်ကို ဗဟိုပြု၍ ပြင်းအား ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒ-ငလျင်စောင့်ကြည့်ရေးအဖွဲ့-USGSက သတင်းထုတ်ပြန်သည်။
ယနေ့ ဧပြီလ ၂ ရက်နေ့ ည ၁၀ နာရီ ၅၇ မိနစ်အချိန် ဖျာပုံမြို့တောင်ဘက် ၈၆ ကီလိုမီတာအကွာ ပင်လယ်ပြင်ကို ဗဟိုပြု၍ ပြင်းအား ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း သိရှိရသည်။
ရန်ကုန်မြို့ခံအများစုက ငလျင်လှုပ်ခတ်သွားသည်ကို မသိရှိလိုက်ကြဘဲ တချို့သောမြို့ခံများကမူ ငလျင် ခပ်ဖြည်းဖြည်း တစ်ချက် လှုပ်ခတ်သွားသည်ကို သိရှိသည်ဟုဆိုကြသည်။
ဓာတ်ပုံ - မတ်လ ၂၈ ရက်နေ့ နောက်ပိုင်း ရန်ကုန်ပြည်သူတချို့ ညပိုင်း လမ်းမများပေါ်တွင် နောက်ဆက်တွဲငလျင် စိုးရိမ်၍ ထွက်ထိုင်နေကြသည့်မြင်ကွင်းနှင့် ငလျင်လှုပ်ခတ်မှုပြမြေပုံအညွှန်း။
အကြမ်းဖက်စစ်ကောင်စီက ငလျင်လှုပ်အပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ပြီးနောက် ရက် ၂၀ကြာ အပစ် ရပ်ဟု ကြေညာ
ရန်ကုန်| ဧပြီ ၂
အကြမ်းဖက်စစ်ကောင်စီက မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်အပြီး နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီးနောက် ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရက် ၂၀ ကာလကို ယာယီအပစ် ရပ်ကာလအဖြစ် သတ်မှတ်ကြောင်း ယနေ့ ဧပြီလ ၂ ရက် ညပိုင်းတွင် ထုတ်ပြန် ကြေညာသည်။
ငလျင်ဒဏ်သင့် ပြည်သူလူထုအား စာနာထောက်ထားပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ ယင်းကဲ့သို့ အပစ်ခတ် ရပ်စဲခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။
အပစ်ရပ်စဲကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက် တိုက်ခိုက်ခြင်း၊ ထိခိုက်ပျက်စီးစေခြင်းများ ပြုလုပ်ပါက တုန့်ပြန်သွားမည်ဟု ဆိုသည်။
ထို့အပြင် ယင်းထုတ်ပြန်ချက်တွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင် ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများပြုလုပ်ပါက တုန့်ပြန်သွားမည်ဟု ဆက်လက်ဖော်ပြထားသည်။
မတ်လ ၂၉ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံးကို မတ်လ ၃၀ မှ ဧပြီ ၁၂ အထိ ရပ်ဆိုင်းကြောင်း ကြေညာထားသည်။
မဟာမိတ် သုံးဖွဲ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်မည်မဟုတ်ဘဲ ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ အထိ တစ်လတာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ဧပြီ ၁ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။
စစ်ကောင်စီ၏ ဧပြီ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ ငလျင်ကြောင့် သေဆုံးသူ ၂၉၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း သိရှိရသည်။